Monday, December 26, 2022

ငွေနှင်းမှုန်လား ရေစက်လား

 အခက်ခဲဆုံး အပင်ပန်းဆုံးကာလတွေကိုဖြတ်သန်းနေတုန်းမှာပဲ ချစ်ရတဲ့မိတ်ဆွေတချို့မှာ ကိုယ့်တန်ဖိုး ကိုယ့်အလှကိုယ်မမြင်ပါဘဲ ဘာမှအနှစ်သာရမရှိလှတဲ့ဟန်ဆောင်ပုံစံတွေ သကာဖုံးထားတဲ့ စကားလုံးတွေနဲ့ ကိုယ့်ကိုကိုယ်တည်ဆောက်ယူလာကြတာကိုတွေ့နေရပါတယ်။ စကားတွေ အပြုံးတွေ အကောင်းမြင်စာစုတွေဟာ ဆိုရှယ်မီဒီယာမှာပွစာကျဲနေပါတယ်။ ပေါများလွန်းတဲ့အဲဒီဟန်ဆောင်မျက်နှာဖုံးတွေထဲမှာ တချိန်က ရိုးသားတဲ့အပြုံးတွေ ရိုးရှင်းပွင့်လင်းတဲ့စကားပြောသံမာမာကြည်ကြည်တွေပျောက်ဆုံးလာနေကြပါတယ်။ တချို့က မိမိရဲ့ ပင်ကိုယ်ပုံစံတခုကို ဟန်ရယ် အလှတခုရယ်လို့မသတ်မှတ်ဘူး။ တောကျတယ်ဆိုတဲ့အများတကာအပြောအဆိုလွတ်အောင် ပြောင်းလဲပစ်လိုက်ကြတယ်။ အဆင်ပြေညီညွတ်သွားတဲ့သူတွေလည်းရှိသလို မတော်တဲ့အင်္ကျီဝတ်ထားသလိုဖြစ်နေတဲ့သူများကိုလည်းမြင်ရတယ်။ ဒါကိုလည်း အခြားသူကပြောတာကိုလိုက်ခံစားနေတာထက် ကိုယ်တိုင်က ကိုယ့်ကိုကိုယ်မြင်အောင်ကြည့်၊ ကိုယ်ပြောင်းယူလိုက်တဲ့ပုံစံက ကိုယ့်အစစ်အမှန်ပုံရိပ်ဟုတ်မဟုတ်ကိုပဲဆန်းစစ်စေချင် မြင်လိုက်စေချင်တာပါပဲ။ ကိုယ်ကဘယ်သူ့ကို အိုင်ဒေါယူလိုက်မိတာလဲပြန်ဆန်းစစ်။ ကိုယ်အိုင်ဒေါယူထားတဲ့သူကရော သူ့ရဲ့ ပင်ကိုယ်အစစ်အမှန်ဆိုတာထက်လူအများအမြင်တင့်တယ်အောင်ပြနေတာလား လူအများမသိအောင်ဖုံးကာပြီး အပေါ်ယံလုပ်ယူနေရတဲ့သူလား ပြန်ဆန်းစစ်ရမှာပဲ။ ဒါလည်း ပြောသလောက်သိပ်တော့မလွယ်နေပါဘူး။ လူတွေဟာ မာယာများကြပါတယ်။ သူတို့ကိုယ်တိုင်တောင်မသိလိုက်ပဲ လိမ်ညာဖုံးကွယ်နေနေကျသူတွေကို ကိုယ်ကမြင်အောင်ကြည့်နိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် အတွင်းသား သိစိတ် ဆိုတာဟာ လှစ်ဟပြတတ်တဲ့ သဘာဝရှိပါတယ်။ အဲဒါကိုမြင်အောင်ဆန်းစစ်တတ်မယ်ဆိုရင် ကိုယ်ကလေးစားအားကျလို့ အတုယူမယ့်သူရော ကိုယ်ကိုယ်တိုင်ရောဟာ ကိုယ်တိုင်တောင်မသိအောင်ဖုံးကွယ်ဟန်ဆောင်နေကြသလား အစစ်အမှန်အလှတရားဟာ လုပ်ယူထားခြင်းမဟုတ်တဲ့တကယ်ရိုးသားခြင်းလားဆိုတာမြင်လာမှာပါ။ အချိန်တခု ရင့်ကျက်မှုတခုတော့ ပေးဆပ်ရကောင်းပေးဆပ်ရနိုင်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင်အလှတရားနဲ့အဆင်ပြေညီညွတ်နိုင်ကြပါစေလို့ မင်္ဂလာနှစ်သစ်အတွက်ဆုတောင်းလိုက်ပါတယ်။

Friday, October 23, 2015

                  အိတ်ဇဲ ဖွင့်ပြီး အလုပ်စရမှာ သိသိနဲ့လည်း
တကယ်တမ်းက ဖဘတက်ပြီး ကိုယ့်ဖလင်ပေ့ခ်ျမှာပဲရေးချင်ရာရေးတင်လိုက်မိတော့တယ်
ဘဝ ဆိုပြီးတော့လည်း ကိုယ့်ထက်အခြေအနေဆိုးသူတွေမကြားချင်အောင် မညည်းချင်
နေစရာရယ်လည်း ပျော်ရွှင်ရာကိုမရွေးနိုင်
နေ့တဓူဝလုပ်နေရတာတွေက ကိုယ်စိတ်ပျော်ရွှင်ရာ နည်းပါးလာနေရင်း
ဘယ်နေ့ အဝေးဆုံးကိုပြေးနိုင်မလဲကိုလည်း မျှော်မော
ဒီသံသရာတကြောကတော့ဖြင့် အမောဆုံးပဲများလား လို့
ဇာတ်ကနာ။




Thursday, October 1, 2015



ငါ ဘယ်သူ လုပ်ရမလဲ
ငါ့ အိုမင်းချိန် ဘယ်မှာထားရမလဲ
ငါ သေမယ့်စက္ကန့်ပိုင်းမှာ ဘယ်ပြတင်းပေါက်ကို ရွေးမလဲ
ဘေးမှာ ဘယ်သူ့ကိုထားမလဲ
ဘယ်သူ့ကို အရင်သွားခိုင်းမှာလဲ
ဘယ်သူတွေက နှုတ်ဆက်ကြမှာလဲ
ဘယ်တော့ဆိုတာထက်
ဘယ်မှာ ဆိုတာ ပိုအရေးကြီးနေရသလို
ဘယ်လိုဆိုတာတောင် သိပ်မတွေးအား
နိုင်ငံပျောက်သူ ဘဝ။



Monday, September 28, 2015

အသေအချာရွေးချယ်ယူထားတဲ့ stress တွေနဲ့
ငါ့ရဲ့ဒီကာလ။

လူတွေကြောင့် ပြိုကွဲတဲ့ နေ့တွေအထပ်ထပ်
'မိတ်ဆွေ'ခေါင်းစဉ်အောက်က တာဝန်မဲ့ခြင်းတွေက ဆိုးလှရဲ့

ရှားစောင်းလက်ပပ်ကြောင့် အသားအရည်တင်းတာလား
ဖိစီးမှုများလို့ ပြုံးမရတာလား။

အလုပ်စားပွဲရှေ့က 'အဖေ့ဘုရားစင်'
ဘယ်လိုပဲကြည့်ကြည့်လဲ အဓိပ္ဗါယ်ကင်းမဲ့ဆဲပဲ။

ကွန်ပျူတာအဟောင်းကြီးထဲမသေမသပ်ပစ်ထည့်
ငါ့ရဲ့ ပစ်စလတ်ခတ်အလုပ်တွေ

စင်္ကာပူက အလွန်မှန်ကန်တိကျ အောင်မြင်တဲ့
ငွေဝင်တဲ့သူငယ်ချင်းမကို ဖျတ်ကနဲ သတိရတယ်

မထူးလှပါဘူး
ငါလည်း တခါတရံသေဆုံးနေတာပါပဲ။

အခု ဒီဘောပင်ပစ်ချ
ငါ ငွေနောက် လိုက်ရဦးမယ်။
နေ့တချို့​တွေကိုဖြတ်​သန်းနိုင်​ဖို့ ကိုယ်​ပိုင်​စာမျက်​နှာတစ်​ခု လိုတဲ့အတွက်